မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေး လုပ်ငန်းတွင် ရေယာဉ် တိုးချဲ့ ပြေးဆွဲခြင်း

မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေး လုပ်ငန်းတွင် ရေယာဉ် တိုးချဲ့ ပြေးဆွဲခြင်း

  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ကုန်စည် ပို့ဆောင်ရေးစံနစ်အား သမားရိုးကျ ပို့ဆောင်မှု စံနစ်မှ ကုန်သေတ္တာဖြင့် ပို့ဆောင်သည့် Containerization အဖြစ် ပြောင်းလဲ ဆောင်ရွက်လျှက် ရှိပါသည်။ ပထမအဆင့် ခြေလှမ်းအနေဖြင့် ခရီးတို စတင် စမ်းသပ် ဆောင်ရွက်သည့် အနေဖြင့် လည်းကောင်း၊ ရန်ကုန်မြို့ ယာဉ်ကြော ကြပ်တည်းမှု လျော့ချစေရေး၊ ကုန်စည် စီးဆင်းမှု လျှင်မြန်စေရေးနှင့် သယ်ယူ ပို့ဆောင်မှု စရိတ်များ သက်သာစေရေးတို့ကို ရည်ရွယ်၍ လည်းကောင်း၊  ရန်ကုန်မြစ်အတွင်း သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာ ဆိပ်ကမ်း တံတားများသို့ မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေး လုပ်ငန်းကို (၉.၃.၂၀၁၇) ရက်နေ့မှ စတင်၍ တွန်းရေယာဉ် ဆင်ဟိုင်း-၆၊ တွန်းရေယာဉ် စောနန္ဒာ နှင့် ကုန်သေတ္တာတင် တွဲယာဉ် တ-၁၅၀၂ တို့ကို အသုံးပြု၍ ဆောင်ရွက်လျှက်ရှိရာ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် (၈) ခေါက်ပြေးဆွဲပြီး၊ ကုန်သေတ္တာ (၆၄၀) လုံး၊ တန်ချိန် အားဖြင့် (၆၄၀၀) တန်၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် (၂၁) ခေါက်၊ ကုန်သေတ္တာ (၁၇၄၂) လုံး၊ တန်ချိန်အား ဖြင့် (၁၇၄၂၀) တန်၊ ၂၀၁၈ ခု ဘဏ္ဍာရေးနှစ် (ကာလတို) (၆) လတွင် (၅၄) ခေါက်၊ ကုန်သေတ္တာ (၅၂၂၄) လုံး၊ တန်ချိန်အားဖြင့် (၅၂၂၄၀) တန်ကို ပို့ဆောင် ပေးနိုင်ခဲ့ ပါသည်။
  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေး လုပ်ငန်းကို တိုးချဲ့ ပြေးဆွဲနိုင်ရန် အတွက် ဒလ သင်္ဘောကျင်းတွင် ဘ-၈၀၉ တွဲယာဉ်ကို ကုန်သေတ္တာ တင် တွဲယာဉ်အဖြစ် ပုံစံ ပြုပြင် ပြောင်းလဲ တည်ဆောက်ခဲ့ရာ ပြီးစီးသွားပြီ ဖြစ်သဖြင့် (၄.၁၀.၂၀၁၈) ရက်နေ့မှ စတင်၍ တွန်းရေယာဉ် ဆင်ဟိုင်း-၁ နှင့်အတူ ကုန်သေတ္တာ တင် တွဲယာဉ် တ-၁၅၀၂ ဖြင့် (၁) စုံ၊ တွန်းရေယာဉ် ဆင်ဟိုင်း-၆ နှင့်အတူ ကုန်သေတ္တာတင် တွဲယာဉ် ဘ-၈၀၉ ဖြင့် (၁) စုံ၊ စုစုပေါင်း ကုန်သေတ္တာ သယ်ယူ ပို့ဆောင်ရေး ရေယာဉ်(၂) စုံဖြင့် ထပ်မံ အားဖြည့်၍ သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာ ဆိပ်ကမ်း ခရီးစဉ်တွင် ပြေးဆွဲလျှက် ရှိပါသည်။ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ အတွင်း (၁၉) ခေါက်ပြေးဆွဲ နိုင်ခဲ့ပြီး၊ ကုန်သေတ္တာ (၁၈၄၈) လုံး၊ တန်ချိန်အားဖြင့် (၁၈၄၈၀) တန် ပို့ဆောင် ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ရာ ရန်ကုန်မြို့အတွင်း ယာဉ်ကြော ပိတ်ဆို့မှုကို အထိုက် အလျောက် လျော့ချ ပေးလျက်ရှိပြီး၊ ကုန်သေတ္တာ ပိုင်ရှင်များအနေဖြင့်လည်း ရေကြောင်းမှ သယ်ယူ ပို့ဆောင်ရခြင်းအတွက် ယခင်ကထက် အကုန်အကျ ပိုမို သက်သာလာပြီး အချိန် အားဖြင့်လည်း ပိုမို မြန်ဆန်လာကြောင်း တွေ့ရှိနေပြီ ဖြစ်သည့်အတွက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၏ ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာ တော့မည် ဖြစ်ပါသည်။