ကမ်းရိုးတန်းသွား "ကစ္ဆပနဒီ (၃)" အမြန် ရေယာဉ်ဖြင့် စစ်တွေ-ကျောက်ဖြူ တိုက်ရိုက် ကမ်းရိုးတန်း ခရီးစဉ် စတင် စမ်းသပ် ပြေးဆွဲ။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင် ဌာနခွဲမှ ကမ်းရိုးတန်းသွား ကစ္ဆပနဒီ (၃) အမြန် ရေယာဉ်ဖြင့် စစ်တွေ-ကျောက်ဖြူ ခရီးလမ်းကို ကမ်းရိုးတန်း ပင်လယ်ပြင် ဖြတ်သန်း၍ တိုက်ရိုက် ခရီးစဉ်အဖြစ် (၅.၄.၂၀၁၉) ရက်နေ့မှ စတင်၍ စမ်းသပ် ပြေးဆွဲ ပေးသွားမည် ဖြစ်ရာ အပတ်စဉ် သောကြာနေ့တိုင်း စစ်တွေမြို့မှ နံနက် ၀၆:၀၀ နာရီ အချိန် ထွက်ခွာပြီး၊ အပတ်စဉ် စနေနေ့တိုင်း ကျောက်ဖြူမြို့မှ နံနက် ၀၇:၃၀ နာရီ အချိန်တွင် ထွက်ခွာမည် ဖြစ်ပါသည်။ ခရီးသည်ခမှာ တစ်ဦးလျှင် လက်မှတ်ခ ၁၄၀၀၀ ကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

စစ်တွေ-ကျောက်ဖြူ ခရီးလမ်းကို ယခင်က မြစ်ကြောင်း အတွင်းလမ်းမှ  ကစ္ဆပနဒီ (၁) ရေယာဉ်နှင့် ကစ္ဆပနဒီ (၂) ရေယာဉ်တို့ဖြင့် ခုတ်မောင်း ပြေးဆွဲခဲ့ရာ ခုတ်မောင်းချိန် (၇:၀၀) နာရီခန့် ကြာမြင့်ခဲ့သော်လည်း၊ ယခုအခါ ကမ်းရိုးတန်း အပြင်လမ်းမှ တိုက်ရိုက် ခုတ်မောင်း ခြင်းဖြစ်သဖြင့် ခုတ်မောင်းချိန် (၃:၀၀) နာရီ ခန့်သာ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

“ကစ္ဆပနဒီ(၃)” ရေယာဉ်ကို ဂျပန်နိုင်ငံမှ ပေးပို့ လှူဒါန်းထားခြင်း ဖြစ်ပြီး၊ ရေယာဉ် အရွယ်အစားမှာ အလျား (၃၄.၇၁) မီတာ၊ အနံ (၆.၀) မီတာ၊ စောက် (၂.၇) မီတာနှင့် ရေစူး (၁.၂၆) မီတာ ရှိပါသည်။ ခရီးသည် (၁၅၀) ဦး နှင့် ရေယာဉ်ဝန်ထမ်း (၁၀) ဉီး တင်ဆောင်နိုင်ကာ တစ်နာရီလျှင် ရေမိုင် (၂၀) မိုင်နှုန်း မောင်းနှင်နိုင်သည့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ် ဖြစ်ကြောင်း သိရသည်။

principal_particulars