ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းမှ "ချယ်ရီ-၁" ရေယာဉ် ဒလဆိပ်ကမ်းမှ ထွက်ခွာနေစဉ် ရေယာဉ် ပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်တစ်ဦး ဆိပ်ခံဘောသို့ ပြန်လည် ခုန်တက်ခဲ့ရာ ရေထဲသို့ ပြုတ်ကျသွားခဲ့သည်ကို ရေယာဉ်မှူးနှင့် ဝန်ထမ်းများက အချိန်မီ ကယ်ဆယ်နိုင်ခဲ့။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းမှ "ချယ်ရီ-၁" ရေယာဉ်သည် (၁၈.၂.၂၀၂၀) ရက်နေ့ (၁၀:၂၀)နာရီအချိန်တွင် ဒလဆိပ်ကမ်းမှ ထွက်ခွာနေစဉ် ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့် မခင်ချမ်းမြေ့ဦး၊ အဘ(ဦးသောင်းအေး)၊ အသက် (၃၄)နှစ်၊ ပညာသီရိလမ်း၊ ရေးမြို့နယ်၊ အစင်ရွာနေသူသည် ၎င်းနှင့်အတူလိုက်ပါလာသည့် အမဖြစ်သူ ဒေါ်နီနီဝင်း မှာ ရေယာဉ် ပေါ်တွင် ပါရှိမလာကြောင်း သိရှိရ၍ ပိတ်ထားသော ရေယာဉ်၏ ယာရှေ့ပေါက်မှ တံခါးကို ၎င်းကိုယ်တိုင် ဖွင့်၍ ဆိပ်ခံဘောသို့ ပြန်လည် ခုန်တက်ခဲ့ရာ ဟန်ချက်ပျက်ပြီး ရေထဲသို့ ပြုတ်ကျ သွားခဲ့သဖြင့် "ချယ်ရီ(၁)" ရေယာဉ်မှ ရေယာဉ်မှူး(ရေယာဉ်အုပ်-၃) ဦးမြင့်အေး(၅၉)နှစ် ကိုယ်တိုင် ရေယာဉ်အပေါ်ထပ် တက်မစင်မှ ရေထဲသို့ ခုန်ဆင်း၍လည်းကောင်း၊ သင်္ဘောသား ဦးမျိုးအောင်နှင့် အကူလုပ်သား ဦးအောင်အောင် တို့မှာလည်း ရေယာဉ်ကုန်းပတ်ပေါ်မှ ရေထဲသို့ ခုန်ဆင်း၍ လည်းကောင်း၊ ရေယာဉ်ဝန်ထမ်းများက မခင်ချမ်းမြေ့ဦးအား အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပါသည်။

ရေထဲသို့ပြုတ်ကျသွားခဲ့သည့် မခင်ချမ်းမြေ့ဦးအား ဆယ်ယူရရှိပြီးနောက်ဒလမြို့ရှိဇီဝရှင် အထွေထွေ ရောဂါနှင့် အထူးကုဆေးခန်းသို့ ခေါ်ဆောင်သွားပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ရာ ၎င်း၏ခန္ဓာကိုယ်တွင် ထိခိုက်မှု တစ်စုံတစ်ရာ မရရှိခဲ့ ကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဒလမြို့နယ် မြို့မရဲစခန်း သို့ သတင်းပို့ တိုင်ကြားခဲ့ပြီး၊ နောက်နောင် ထိုသို့ မပြုလုပ်စေရေးအတွက် အသိပညာပေးခြင်း၊ မခင်ချမ်းမြေ့ဦးထံမှ ခံဝန်ကတိရယူခြင်းများဆောင်ရွက်ခဲ့ပါသည်။