ကုန်စည်ပို့ဆောင်ရေးဌာန

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ကုန်စည်ပို့ဆောင်မှု လုပ်ငန်းသက်သက် ဆောင်ရွက်ရန် သယ်ယူ ပို့ဆောင်ရေး ဌာနကြီး လက်အောက်တွင် သင်္ဘောကြီးဌာန၊ ကုန်တွဲနှင့် ဆိပ်ကမ်းဌာနဟူ၍ ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ (၁၉၄၂) ခုနှစ်နောက်ပိုင်းမှစ၍ (၁၉၇၂) ခုနှစ် အထိ ဖြစ်ပါသည်။ (၁၉၇၂) ခုနှစ် ရေကြောင်း ပို့ဆောင်ရေး ကော်ပိုရေးရှင်း အဖြစ် ဖွဲ့စည်းချိန် မှစ၍ သယ်ယူ ပို့ဆောင်ရေးဌာန လက်အောက်ရှိ ဌာနခွဲ (၁) ခုအဖြစ် ကုန် ပို့ဆောင်ရေး ဌာနခွဲကို ဖွဲ့စည်းပြီး ကုန်စည် ပို့ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။

(၂၀ဝ၃) ခုနှစ် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၏ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသည့်အခါ ကုန်စည် ပို့ဆောင်မှု လုပ်ငန်းကို ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် အတွက် ယခင် သယ်ယူ ပို့ဆောင်ရေးဌာန လက်အောက်ရှိ ကုန် ပို့ဆောင်ရေး ဌာနခွဲကို ကုန်စည် ပို့ဆောင်ရေးဌာန အဖြစ် တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါသည်။ ယင်းဌာန၏ လက်အောက်တွင် ကုန်စည် ပို့ဆောင်သည့် လုပ်ငန်းနှင့် ရေယာဉ်များကို အနီးကပ် စီမံခန့်ခွဲရန် ကုန် ပို့ဆောင်ရေး ဌာနခွဲကို ရန်ကုန်၊ ဘိုတထောင် ဆိပ်ကမ်းတွင် ဌာနခွဲရုံး ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိပါသည်။

လုပ်ငန်းတာဝန်များ

  • ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့်မြစ်ဝကျွန်းပေါ်ဒေသများမှ ဆန်စပါး၊ ဘိလပ်မြေ၊ သစ်လုံး၊ သစ်ခွဲသား၊ကျောက်စရစ်၊ရေနံထွက် ပစ္စည်းများ၊ကျောက်မီးသွေး၊ရေနံမီးသွေး စသည်ဖြင့် ဝန်ကျယ်ပြီး တစ်ကြိမ်တည်းအမြောက်အများသယ်ရမည့် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးရန်။
  • နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းလိုအပ်ချက်အရ ပို့ဆောင်ရန်ရှိသည့် စက်ပစ္စည်းများ၊မော်တော်ယာဉ်ကြီး များနှင်‌့ လေးလံသည့်ကုန်ပစ္စည်းများကို ဦးစားပေးသယ်ယူပို့ဆောင်ပေးရန်တို့ဖြစ်ပါသည်။

သယ်ယူပို့ဆောင်ပေးလျက်ရှိသည့်ကုန်ပစ္စည်းများ

(က) ဘိလပ်မြေ၊ ဆန်စပါး၊ဆောက်လုပ်ရေးပစ္စည်းများ
(ခ) သစ်လုံး၊ သစ်ခွဲသားများ
(ဂ) ကျောက်စရစ်
(ဃ) ဌာနဆိုင်ရာကုန်ပစ္စည်းများ၊ ယာဉ်ယန္တယားနှင့်လေးလံသည့်စက်ကိရိယာပစ္စည်းများ

ဈေးသင်္ဘော

ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ဒေသခံ ပြည်သူများ အထက်/အောက် ကုန်ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် ယခင်ပြေးဆွဲ ခဲ့သည့် ဈေးသင်္ဘော ပုံစံအတိုင်း ပြန်လည် ပြေးဆွဲမှုကို (၁၉၉၃) ခုနှစ်မှစ၍ "မြ"အမျိုးအစား ရေယာဉ်ကြီးများနှင့် ကုန်တွဲ (၂) တွဲဖြင့် ပြန်လည် စတင် ပြေးဆွဲခဲ့ပါသည်။ ဈေးသင်္ဘောကြီးများကို ပြေးဆွဲရာတွင် ပုဂ္ဂလိက ကုန်ပစ္စည်း အရောင်းဆိုင်များ သာမက ပုဂ္ဂလိက ဈေးဆိုင်များ ဖွင့်လှစ်ပြီး ရန်ကုန်မှ မန္တလေး ဧရာဝတီမြစ်ကမ်း တစ်လျှောက် ဆိပ်ကမ်းများတွင် ရပ်နား ရောင်းချပေးလျက် ရှိပါသည်။

ကုန်ပို့ဆောင်မှုစနစ်

(က) တန်ဆာစနစ်
(ခ) ရေယာဉ် /တွဲယာဉ် ငှားရမ်းစနစ်
(ဂ) ကုန်တွဲများ ပြုပြင် ငှားရမ်းစနစ် တို့ ဖြစ်ကြပါသည်။