ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသမိုင်းကြောင်း
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ၁၈၆၅ခုနှစ်မှ စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အဖွဲ့ အစည်းဖြစ်ပြီး
ယခုအခါပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိနိုင်ငံပိုင် သယ်ယူ ပို့ဆောင်ရေး အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန် စေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး အတွက် သယ်ယူပို့ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် လက်ရှိရေယာဉ်အင်အား စက်ရှိ/စက်မဲ့ စုစုပေါင်း (၄၇၆)စီး အသုံးပြုပြီး နှစ်စဉ်ခရီးသည်ပျှမ်းမျှ(၂၅)သန်းနှင့် ကုန်တန်ချိန်ပျှမ်းမျှ(၄)သန်းခန့် သယ်ယူပို့ဆောင် ပေးလျက်ရှိသည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မူလ ရည်မှန်းချက်မှာ ခရီးသွားပြည်သူများဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းဖြင့် နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရေးတို့ဖြစ်ပါသည်။ ကုန်းလမ်း/လေကြောင်းလမ်း/မီးရထားလမ်း စသည့် သယ်ယူပို့ဆောင်မှုနည်းလမ်းများ မည်မျှပင်ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေကာမူ မြန်မာနိုင်ငံ ဒေသအနှံအပြားရှိ ရေယာဉ်များသွားလာနိုင်သည့်မြစ်များ၊ ချောင်းများကြောင့် ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသည်နှင့်ကုန်စည်များပို့ဆောင်နိုင်သည့် ရေကြောင်းပို့ဆောင်မှုလုပ်ငန်းများမှာ မြန်မာနိုင်ငံအတွက် အထူးအရေးပါသောကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ |