ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​မော်​လမြိုင်​-ဘားအံ-​မော်​လမြိုင်​ အပျော်စီး ခရီးစဉ်​ စတင်​​ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​မော်​လမြိုင်​- ဘားအံ - ​မော်​လမြိုင်​ အပျော်စီး ခရီးစဉ်​ စတင်​​ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

၁၇.၁၁.၂၀၁၈ (စ​နေ​နေ့)

ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​မော်​လမြိုင်​-ဘားအံ-​မော်​လမြိုင်​ အပျော်စီး ခရီးစဉ်​ စတင်​​ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်း အနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (ဝ၉:ဝ၀) အချိန်​၌ မွန်​ပြည်​နယ်​၊ မော်​လမြိုင်​မြို့၊ ကမ်းနားလမ်းရှိ အမှတ်​(၄) ရွှေမြိုင်​တံတားတွင်​ ကျင်းပပြုလုပ်​ရာ မွန်​ပြည်​နယ်​ အစိုးရအဖွဲ့ ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အေးဇံ နှင့် ပြည်​နယ်​အစိုးရ ဝန်​ကြီးများ၊ ကရင်​ပြည်​နယ်​အစိုးရအဖွဲ့ ပအိုဝ်း တိုင်းရင်းသား​ရေးရာ ဝန်ကြီး ဦးခွန်​မျိုးတင့်၊ ပြည်​တွင်း​ရေ​ကြောင်းပို့​ဆောင်​​ရေး ဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ဦး​ဇော်ဝင်း၊ Tint Tint Myanmar Group of Companies ဥက္ကဌ ​ဒေါ်တင့်တင့်လွင်​၊ ပြည်​နယ်​အဆင့် ဌာနဆိုင်​ရာများ၊ ဖိတ်​ကြားထားသူများ တက်​​ရောက်​ကြပါသည်​။

ဖွင့်ပွဲ အခမ်းအနားတွင်​ မွန်​ပြည်​နယ်​ အစိုးရအဖွဲ့ ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အေးဇံ က အဖွင့်အမှာစကား ​ပြောကြားပြီး၊ Tint Tint Myanmar Group of Companies ဥက္ကဌ ​ဒေါ်တင့်တင့်လွင်​ က ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​မော်​လမြိုင်​-ဘားအံ-မော်​လမြိုင်​ ခရီးစဉ်​ ဖွင့်လှစ်​ ​ပြေးဆွဲခြင်းနှင့် ခရီးစဉ်​ ​ပြေးဆွဲရန်​ စီစဉ်​ ​ဆောင်​ရွက်​ထားမှု အ​ခြေအ​နေများကို ရှင်းလင်း တင်​ပြပါသည်​။

ဆက်​လက်​၍ ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​ကို ပြည်​နယ်​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အေးဇံ၊ ပြည်​တွင်း​ရေ​ကြောင်းပို့​ဆောင်​​ရေး ဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ဦး​ဇော်​ဝင်း၊ Tint Tint Myanmar Group of Companies ဥက္ကဌ  ​ဒေါ်တင့်တင့်လွင်​ တို့က ဖဲကြိုးဖြတ်​၍ ဖွင့်လှစ်​​ပေးပါသည်​။

ဆက်​လက်​၍ ပြည်​နယ်​ဝန်​ကြီးချုပ်​နှင့် ဧည့်သည်​​တော်​များ သည်​ ထီးလှိုင်​ရှင်​ ​ရေယာဉ်​ ​ပေါ်သို့ တက်​​ရောက်​ ကြည့်ရှု့ကြပြီး သံလွင်​မြစ်​အတွင်း ​ရေယာဉ်​ဖြင့် လှည့်လည်​ ကြည့်ရှု့ကြပြီး ၁၀:၅၅ အချိန်​တွင်​ အမှတ်​(၄) ရွှေမြိုင်​တံတားသို့ ပြန်​လည်​ ဆိုက်​ကပ်​၍ အခမ်းအနား ပြီးဆုံး​ကြောင်း သိရသည်​။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် မြစ်ကူးတံတားကြီးများ တည်ဆောက်နိုင်ခဲ့ပြီး၊ ကုန်းလမ်းပို့ဆောင်ရေးလမ်းများ ကောင်းမွန်လာမှုကြောင့် ရာသီအချိန်အခါမရွေး လွယ်ကူ ချောမွေ့စွာ ခရီးသွားလာနိုင်ပြီဖြစ်ခြင်းကြောင့် ခရီးသွားပြည်သူအများစုမှာ ကုန်းလမ်းခရီးမှသာ အဓိကအားထား သွားလာမှုများပြားလာခဲ့ပြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ သံလွင်ဌာနခွဲရှိ ရေယာဉ် ခရီးလမ်းများတွင် ခရီးသည်နှင့် ကုန်စည်များ လိုက်ပါမှု မရှိသလောက် နည်းပါးသွားခြင်းကြောင့် ခရီးစဉ်များ ရပ်နားထားခဲ့ရပါသည်။

မော်လမြိုင်-နတ်မော် ကူးတို့လမ်းတွင် ပြေးဆွဲ ပေးနေသည့် "ထီးလှိုင်​ရှင်​" ​ရေယာဉ်​ကိုလည်း ၂၀၁၇ ခုနှစ် ဧပြီလတွင် သံလွင်မြစ်ကူး ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)ကို ဖွင့်လှစ်ပေးပြီး နောက်ပိုင်း ခရီးသည်နှင့် ကုန်စည်များ လိုက်ပါမှု မရှိခြင်းကြောင့် ရပ်နားထားခဲ့ရပါသည်။ အဆိုပါ "ထီးလှိုင်​ရှင်​" ​ရေယာဉ်​ကို Tint Tint Myanmar Cruise နှင့်ပူးပေါင်း၍ မြစ်တွင်း အပျော်စီး ခရီးစဉ်သွား ရေယာဉ်အဖြစ် ပြုပြင်မွမ်းမံ၍ မော်​လမြိုင်​-ဘားအံ-​မော်​လမြိုင်​ အပျော်စီး ခရီးစဉ်ပြေးဆွဲနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ဖြင့် တင်ပြ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မော်​လမြိုင်​-ဘားအံ-​မော်​လမြိုင်​ အပျော်စီး ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Last Updated on Wed, 12/12/2018 - 11:45